Friday, December 30, 2011
....မောင့်တောအုပ်မှာ....
မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောင်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညှင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည်။
မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့ အိပ်မက်လှဲ့လှဲ
သဲ့သဲ့ခေါ်ငင် မပီပြင်လဲ
ထင်ထင်ကြားလိုက် တိမ်းမူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ရာသို့
ထွက်ခွာလွင့်ပါး ရပ်တစ်ပါး၌
ရွေ့လျားရာသီ ထပ်ခဲ့သည်။
မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလဲ
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်နဲ့ လာလိုက်ခဲ့ဟု
သဲ့သဲ့ခေါ်သံ ကြားရပြန်၏။
မြဲမြံနွယ်နှောင် လူတို့ဘောင်၌
ယောင်မှားဧည့်သည့် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညိုး
လမ်းမှားတိုးဆဲ တိုးတိုးတစ်မျိုး
ချိုးငယ်ပြောသည် မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ယစ်ရီသတဲ့
ဝါသွဲ့ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညှင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိရှိမည်လား ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment